မြန်မာစစ်တပ်က သူတို့၏ အုပ်ချုပ်မှုအား ဆန့်ကျင်တွန်းလှန်နေကြတဲ့ ပြည်သူ့ဝန်ထမ်း များကို ဖြည်းဖြည်းချင်း လည်ပင်းညှစ်သတ်နေပါတယ်။

မြန်မာနိုင်ငံ လုပ်သားထုကြီးမှ ဒီမိုကရေစီပြန်လည်ရရှိရေး အတွက်ကြိုးပမ်းရာတွင် ကမ္ဘာတဝှမ်းက စည်းလုံးညီညွတ်မှု ပြသခြင်းဖြင့် အားဖြည့်ပေးရန် တောင်းဆိုနေကြပါတယ်။

" ဖြည်းဖြည်းချင်း သတ်တာကို ခံနေရတာပါ။" ဒီစကားကို PSI နဲ့ အွန်လိုင်းမှာတွေ့ဆုံပြီး နိုင်ငံရဲ့ ပြည်သူ့ဝန်ထမ်းကဏ္ဍ က ဝန်ထမ်းတွေရင်ဆိုင်နေရတဲ့ ကြောက်မက်ဖွယ်ရာ အခြေအနေကို ဆွေးနွေးနေစဉ်အတွင်း မြန်မာနိုင်ငံမှ သူနာပြုတစ်ဦးက စိတ်အားငယ်စွာနဲ့ ညှိုးငယ်စွာပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ မှ စတင်ပြီး မြန်မာ စစ်တပ် အာဏာ သိမ်းခဲ့တဲ့အချိန်က ၁၈ လ ကြာမြင့်ခဲ့ပါပြီ။ နောက်ပိုင်းရက်များမှာတော့၊ ရာထောင်ချီသော ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာများနှင့် အစိုးရ ဝန်ထမ်းများစွာတို့က အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပါဝင်တဲ့အနေနဲ့ သပိတ်မှောက်ခဲ့ကြပါတယ်။ ထို ရဲရင့်တဲ့ အမျိုးသမီး များ နှင့် အမျိုးသားများဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အနေနဲ့ အစိုးရ ဝန်ဆောင်မှုလုပ်ငန်းများကို ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သို့သော် သူတို့၏ တွန်းလှန်မှုက သူတို့တစ်ဦးချင်းစီအတွက်တော့ အဆုံးအရှုံးများခဲ့ပါတယ်။ လစာမရှိ၊ အလုပ်မရှိဘဲ စစ်တပ်ကလည်း အမြဲတစေ ဖိနှိပ်နေတာကြောင့် CDM ဝန်ထမ်းတွေဟာဆိုရင် အသက်ရှင်ရပ်တည်ဖို့အတွက်တောင် ခက်ခဲနေပါတယ်။ သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ တစ်နေ့ထက်တစ်နေ့ ပိုပြီး ဆိုးရွားလာတဲ့ ဒုက္ခတွေကို Public Services International (PSI) က စီစဉ်ကျင်းပတဲ့ အွန်လိုင်း တွေ့ဆုံပွဲ တစ်ပွဲမှာ ဝေမျှပြောပြခဲ့ပါတယ်။

" ကျွန်မတို့မှာ စားသောက်ဖို့စားစရာလည်းမရှိ၊ နေဖို့ နေစရာလည်းမရှိပါဘူး။" လို့ ရန်ကုန် ဆေးရုံတစ်ရုံက စီမံခန့်ခွဲရေးမှူးလုပ်ခဲ့သူ တစ်ယောက်က ပြောခဲ့ပါတယ်။ " ဒါပေမယ့် CDM လုပ်ခဲ့တာကိုတော့ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။ အောင်မြင်တဲ့အထိ ရှေ့ဆက်သွားဖို့ပဲရှိတယ်။" အန္တရာယ်များစွာ ရှိနေသော်လည်း သူမ က အခြား သော CDM လုပ်ဆောင်သူတွေ နှင့်အတူ ညတိုင်း ဒန်အိုး၊ဒယ်ပြား စတာတွေ ထုရိုက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ပါသေးတယ်။ ဒါပေမယ့် ဝင်ငွေမရှိတဲ့အတွက်ကြောင့် သူမရဲ့မိသားစုတွေ ထမင်းနပ်မှန်စားနိုင်ဖို့အတွက် ကိုယ်ပိုင် ပစ္စည်းတွေကို ရောင်းချ ခဲ့ရပါတယ်။

CDM လှုပ်ရှားမှုကို ဖြိုဖျက်တဲ့ အနေနဲ့ မြန်မာ အာဏာသိမ်းစစ်တပ်က ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကဏ္ဍကို စနစ်တကျ ဦးတည်ပြီး ဖိနှိပ်ခဲ့ပါတယ်။ ရန်ကုန်နှင့် မန္တလေးမှ ဆေးဝန်ထမ်း ရာပေါင်းများစွာတို့က CDM လှုပ်ရှားမှုကို ဝင်ရောက်ခဲ့တာကြောင့်လည်း စစ်တပ်အနေနဲ့ ဆေးကုသခွင့်လိုင်စင်တွေကို ပိတ်သိမ်းခြင်းနှင့် ချုပ်နှောင်ထားခြင်းတို့ဖြင့် လက်တုံ့ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ နှင့် နိုဝင်ဘာလတွေမှာ ဆေးဝန်ထမ်းပေါင်း ၃၀ ဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ သူနာပြု ဒေါ်ပိုးသန္တာအောင် ၏ ကြေကွဲဖွယ်ရာ သေဆုံးခြင်း နှင့် ကံ့ကော်၊ မြို့တော် နှင့် နန်းတော် ပုဂ္ဂလိကဆေးရုံသုံးရုံ၏ ဆေးကုသခွင့်လိုင်စင် ပိတ်သိမ်း ခံရမှု တို့ကိုလည်း စစ်တပ်မှ လက်တုံပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ခုလိုပြုလုပ်ခဲ့တာကြောင့် ထိုဆေးရုံများမှ လူနာများစွာ ဟာ ကျန်းမာရေးစောင့်ရှောက်မှုမရရှိ နိုင်တော့ပဲ ဆေးရုံဝန်ထမ်း ၈၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီး အာဏာသိမ်းစစ်တပ်က CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဆရာဝန် ၅၅၇ ယောက်၏ ဆေးကုသခွင့်လိုင်စင်ကို ပိတ်သိမ်းလိုက်ခြင်းဖြင့် ကျန်းမာရေးစနစ်အား ပိုမို ချိနဲ့လာစေပြီး အာဏာသိမ်းပြီးစဉ်အချိန်ကပင် ဖူလုံမှုမရှိသည့် ရှိနှင့်ပြီးသား လူထုကျန်းမာရေးစောင့်ရှောက်မှု ကို ပိုမိုဆိုးရွားလာစေရန် ပြုလုပ်ခဲ့ပါသည်။

အချို့သောဝန်ထမ်းများကလည်း သူတို့၏ CDM ပြုလုပ်မှုကြောင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများက အလုပ်တွေမှာ လုပ်အားခ မတိုးပေးခြင်း နှင့် အစိုးရ အိမ်ယာများမှ နှင်ထုတ်ခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရတယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။ အများအပြားကတော့ ကျေးလက်ဒေသတွေဆီ ခိုလှုံဖို့အတွက် ရွှေ့ပြောင်းပြေးခဲ့ရပြီး၊ သူတို့ရဲ့ ပတ်ဝန်းကျင် အသစ်မှာတောင် စစ်တပ်သတင်းပေးတွေရဲ့ ခြိမ်းခြောက်မှုတွေကို ခံနေရပါတယ်။ သူတို့တွေရဲ့ နိုင်ငံသားမှတ်ပုံတင် နံပါတ်တွေ စစ်တပ်မှာရှိနေတာကြောင့် ထိုအချက်အလက်တွေကို အသုံးပြုပြီး သူတို့ရဲ့ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခြင်းကို ထိန်းချုပ်ထားပါတယ်။

" ဘတ်စ်ကားလက်မှတ်တွေ ဝယ်မရလို့ အစားအသောက်နဲ့ သောက်ရေ မရှိဖူး " လို့ စိတ်ပျက်နေတဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က ဝေမျှခဲ့ပါတယ်။ " ထွက်ပြေးဖို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ်တွေ လိုပေမယ့် CDM ဝန်ထမ်းတွေကို သူတို့က နိုင်ငံကူးလက်မှတ်စာအုပ်တွေ မလုပ်ပေးဘူး" လို့လည်း ပြောခဲ့ပါသေးတယ်။

စစ်တပ်က CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေကို သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးများအား တိုက်ခိုက်ခြင်းဖြင့် စနစ်တကျ ညှင်းပန်းနှိပ်စက်နေပြီး ဝန်ထမ်းတွေမှာ ခြေကုန်လက်ပမ်းကျ ဝမ်းနည်းကြောက်ရွံ့နေသော်ငြားလည်းပဲ သူတို့ရဲ့ မခံမရပ်နိုင်ဖြစ်မှုကိုတော့ အတိုင်းသားမြင်တွေ့နေရပါတယ်။

" နိုင်ငံတကာအသိုင်းအဝိုင်းတွေက ဒီစစ်တပ်ကို အမြစ်ဖြုတ်နိုင်အောင်တိုက်မှဖြစ်မှာ" လို့ ရန်ကုန်မှ သူနာပြုတစ်ယောက်က တိုက်တွန်းခဲ့ပါတယ်။ " သူတို့တွေမှာ အာဏာရှိနေသရွေ့ ကတော့ အကုန်လုံး ဖိနှိပ်ခံတွေ ဖြစ်ကြဦးမှာပဲ"

နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချက်ကို ကမ္ဘာ့သွေးစည်းညီညွတ်မှု ရှာဖွေ နေကြတဲ့ အခြားသော အလုပ်သမားတွေကလည်း ထပ်ဆင့် ပြန်လည် တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။ တောင်းဆိုသူများက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရ တစ်ရပ်အနေဖြင့် အသိအမှတ်ပြုရန် နှင့် စစ်အာဏာရှင်အား သီးသန့်ခွဲထုတ်ထားရေးအတွက် လုပ်ဆောင်ချက်တွေကို ကမ္ဘာတစ်ဝှမ်းကပိုမို တိုးမြှင့်လုပ်ဆောင်ပေးဖို့ အလိုရှိပါတယ်။ သို့သော် ကြီးထွားလာတဲ့ ကမ္ဘာ့အကျပ်အတည်းများက မြန်မာ့အရေးကို ကန့်လန့်ကာ အနောက်သို့ တွန်းရွှေ့လိုက်သလိုပါပဲ။ ရုရှား က ယူကရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်မှုက စင်မြင့်အလယ်ပေါ် ရောက်လာခဲ့ပြီး၊ စစ်တပ်ကို ပိတ်ဆို့အရေးယူဖို့ ဒေသတွင်းရှိ အာဏာကြီးတဲ့ နိုင်ငံတွေအပေါ် ဖိအားပေးခြင်းက လျော့နည်းလာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အကျပ်အတည်းကြောင့် အစားအစာ နှင့် လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပြီး၊ CDM ဝန်ထမ်းတွေအတွက် ထမင်းနပ် မှန်အောင် စားရဖို့အတွက် ကြိုးပမ်းရတာ ပိုမိုခက်ခဲလာခဲ့ပါတယ်။ နိုင်ငံ့ စီးပွားရေး ကလည်း ဖရိုဖရဲဖြစ်နေတာကြောင့် သူတို့တွေအနေနဲ့ ပြင်ပအလုပ်ရှာဖွေဖို့ အခွင့်အလမ်းတွေက နည်းပါးလှပါတယ်။

ကမ္ဘာက မျက်ကွယ်ပြုထားတာနဲ့အမျှ၊ မြန်မာပြည်သူ တွေရဲ့ အသက်ရှုကြပ်မှုကလည်း တဖြည်းဖြည်း ရေချိန်တက်လာနေပါတယ်။ အလုပ်သမားထုကြီးရဲ့ ဒုက္ခကို ဆွေးနွေးပွဲတက်ရောက်သူတစ်ယောက်က ခုလိုပဲ ပြင်းပြင်းထန်ထန်ပြောခဲ့ပါတယ် " ကျွန်တော်တို့တွေက ဖြည်းဖြည်းချင်းအသတ်ခံနေရတာပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကို သိစေချင်ပါတယ်။ "

PSI မှ မြန်မာနိုင်ငံရှိ ဝန်ထမ်းအလုပ်သမားများ၏ ကိုယ်တွေ့ဖြစ်ရပ်များ နှင့် အတိဒုက္ခရောက်မှုများကို ကမ္ဘာတစ်ဝှမ်းလုံးနှင့် ကမ္ဘာ့ခေါင်းဆောင်များ ပြန်လည်အမှတ်ရလာစေရန် ဝေမျှနေခြင်းဖြစ်ပါတယ်။ သို့သော် ဒီမိုကရေစီအရေးကို ကာကွယ်နေကြပြီး တရားမဝင် အာဏာသိမ်းခြင်းကို ရဲရဲတောက် တွန်းလှန်နေကြသည့် ပြည်သူတစ်ရပ်အား ရက်ရက်စက်စက် ဖိနှိပ် ချုပ်ချယ်နေသည်ကို တားဆီးရန် အတွက် အရေးတကြီးပိုမိုလိုအပ်နေပါတယ်။ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ၊ လက်နက်ခဲယမ်းပိတ်ဆို့မှုများ၊ အလုပ်သမား အဖွဲ့အစည်းများ နှင့်အတူ သွေးစည်းရပ်တည်မှု နှင့် ခိုင်မာသော သံတမန် ဆက်ဆံရေးတို့ အားလုံးကို အချိန်မနှောင်းခင် လိုအပ်နေပါတယ်။ စစ်တပ်သို့ မည်သည့် ဝင်ငွေမဆို စီးဆင်းမှုအား ပိတ်ပင်ရန် ကြိုးပမ်းသည့်အနေဖြင့်၊ PSI မှ ပင်စင်ရံပုံငွေ တစ်ခုကို စတင်ပြုလုပ်နေပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာပြည်သူများ၏ မျှော်လင့်ချက် များ အားလုံး မလွင့်ပြယ်သွားခင် သူတို့ရဲ့ အသံတွေကို နားစွင့်ထားဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံအတွက် PSI ၏ ပင်စင်ရံပုံငွေ လှုပ်ရှားမှုကမ်ပိန်း

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို လျော့ချရန် ကြိုးစားအားထုတ်မှုတစ်ခုအနေနဲ့ PSI မှ အာဏာသိမ်းစစ်တပ်အား ထောက်ပံ့ပေးလျှက်ရှိသော ကုမ္ပဏီများထံ ပင်စင်ရံပုံငွေ များ ရင်းနှီးမြှုပ်နှံထားမှုကို ရည်ရွယ်သည့် ကမ်ပိန်းတစ်ရပ်ဦးဆောင် ပြုလုပ်သွားပါမည်။ ထိုကမ်ပိန်း ၏ အဓိက မေးခွန်းကတော့ " သင့်ပင်စင်က မြန်မာနိုင်ငံရှိ စစ်တပ်အား ရက်စက်ကြမ်းကြုတ်ခြင်းတွေကို ကျူးလွန်ဖို့အတွက် ထောက်ပံ့ပေးနေသလား" ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ထိုလှုပ်ရှားမှုက စစ်တပ်၏ တရားမဝင် အုပ်ချုပ်ရန် ကြိုးပမ်းမှုကို အထောက်အကူပြုနေတဲ့ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန်အတွက်ရည်ရွယ်ပါတယ်။

PSI က မြန်မာစစ်တပ်အား တိုက်ရိုက် အကူအညီပေးနေသော ကုမ္ပဏီများ ၏ လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ထားပြီးဖြစ်ပါတယ်။ ထိုလုပ်ငန်းများတွင် စစ်တပ် နှင့် ရင်းနှီးနေပြီးသား ဖြစ်သည့် လုပ်ငန်းများနှင့် လူထုဖိအားပေး လွှမ်းမိုးနိုင်သည့် ကုန်အမှတ်တံဆိပ် များလည်းပါဝင်ပါတယ်။ ဖော်ထုတ်ထားသော ထို ကုမ္ပဏီများ မှာ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆွီဒင်၊ ထိုင်းနှင့် အမေရိကန် စတဲ့ နိုင်ငံအများအပြားမှ ဖြစ်ကြပါတယ်။

ပင်စင်ရန်ပုံငွေများကို စစ်တပ်အား ထောက်ပံ့သည်ဟု ကနဦးသတ်မှတ်ထားသော ကော်ပိုရေးရှင်း ၃၀ ကျော်တွင် အစုရှယ်ယာရှင်များအဖြစ် သတ်မှတ်ထားပါတယ်။ ပင်စင်ရံပုံငွေများက ကနေဒါ၊ အမေရိကန်၊ ယူကေ၊ ဆွီဒင်၊ နယ်သာလန်၊ အိန္ဒိယ၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နော်ဝေနှင့် ဖင်လန် စသည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံနေကြခြင်းဖြစ်ပါတယ်။ သို့သော် ရင်းနှီးမြှုပ်နှံသူများက သူတို့၏ ရံပုံငွေများအား လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိသောကြောင့် စစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ထောက်ပံ့ပေးနေသည့် လုပ်ငန်းများမှာ ပို များပြားနိုင်ပါတယ်။

ကမ်ပိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ်၊ PSI မှ သမဂ္ဂအဖွဲ့ဝင်များအား မိမိတို့၏ ပင်စင်ရံပုံငွေ များကို ရင်းနှီးမြှုပ်နှံနေကြသော မြန်မာနိုင်ငံတွင် လက်ရှိ အလုပ်လုပ်နေကြသည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှု များအကြောင်းကို ပိုမိုရှင်းရှင်းလင်းလင်း ဖော်ပြရန်အတွက် တောင်းဆိုကြရန် တိုက်တွန်းလိုပါတယ်။ အလုပ်သမားများအနေဖြင့် လည်း ပင်စင်ရံပုံငွေ အား ဦးတည်ပြီး စာရေးသားပေးပို့ကာ အတွက် သူတို့၏ ပါဝါကို အသုံးချပြီး မြန်မာနိုင်ငံမှ ကုမ္ပဏီများ ထွက်ခွာရန် ပြုလုပ်ဖို့ တောင်းဆိုနိုင်ပါတယ်။

ဤသို့သော ပစ်မှတ်ထား ပိတ်ဆို့အရေးယူသည့် လှုပ်ရှားမှုများမှတစ်ဆင့်၊ PSI မှ မြန်မာနိုင်ငံရှိ အာဏာသိမ်းစစ်တပ် အား ဆန့်ကျင့် တွန်းလှန်နေသည့် ကမ္ဘာလုံးဆိုင်ရာကမ်ပိန်းတွင် အဓိပ္ပါယ်ရှိသော ပံ့ပိုးကူညီမှုတစ်ခု ဖြစ်ရန် ရည်ရွယ်ပါတယ်။တရားမဝင်သည့် အာဏာသိမ်း စစ်တပ် မှ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်နေသည့် လူသားချင်းစာနာမှု ဆိုင်ရာအကြပ်အတည်းနှင့် လူ့အခွင့်အရေး အကြပ်အတည်း များ ကို လျော့ချစေရေး အတွက် ရံပုံငွေစီးဆင်းမှုကို ဖြတ်တောက်ရန် အဓိက ကျပါတယ်။

ကိုးကားချက်။ ။

https://www.irrawaddy.com/news/burma/myanmar-junta-to-close-three-mandalay-hospitals.html